ဦးနှောက်ကျုံ့ မသွားချင်ရင် ဒါတွေလုပ်ပါ
ဦးနှောက်ကျုံ့တာက အသက်အရွယ်ရလာချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အခြေအနေ တစ်ရပ်ပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က အိုမင်းလာသလို ဦးနှောက်ကလည်း အိုမင်းလာလို့ပါ။ ဒါပေမယ့် တစ်ခုရှိတာက လူ့သက်တမ်းနဲ့ ဦးနှောက်ရဲ့ သက်တမ်းက မတူဘူးဆိုတာပါ။
ဦးနှောက်ထဲက ဆဲလ်တွေက လျော့ကျလာချိန်မှာ ဦးနှောက်ကလည်း ကျုံ့လာတာပါ။ ဦးနှောက် ကျုံ့လာချိန်မှာ ဦးနှောက်ထဲက အာရုံခံဆဲလ်လေးတွေရော ချိတ်ဆက်ပေးတဲ့ ဆဲလ်လေးတွေကိုပါ ဆုံးရှုံးလာတာပါ။ ဒီလိုနဲ့ ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းမှာသော်လည်းကောင်း ဦးနှောက်ကြီး တစ်ခုလုံးမှာသော်လည်းကောင်း ဆဲလ်တွေ ဆုံးရှုံးလာတာပါ။
ဦးနှောက်ကျုံ့စေနိုင်တဲ့ အကြောင်းရင်းခံများ
ဦးနှောက်ကို ကျုံ့စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
ကိုယ်လက်လှုပ်ရှားမှု နည်းတာ - အထိုင်များတာ၊ တစ်နေ့တာမှာ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာတွေကလည်း ဦးနှောက်ကို ကျုံ့စေနိုင်ပါတယ်။ အသက် ၄၀ နောက်ပိုင်းမှာ ဦးနှောက်ရဲ့ အရွယ်အစားက စတင် ကျဆင်းလာတာပါ။
အာရုံကြော ထိခိုက်မိတာ - မတော်တဆမှု တစ်ခုခုကြောင့် အာရုံကြောကို ထိခိုက်မိတာကလည်း ဦးနှောက်ကျုံ့တာကို ဖြစ်စေနိုင်ပါတယ်။
ကူးစက်ရောဂါ - ကူးစက်ရောဂါ တစ်မျိုးမျိုးရဲ့ နောက်ဆက်တွဲ ထိခိုက်မှု အနေနဲ့လည်း ဦးနှောက်ကျုံ့နိုင်ပါတယ်။
ရောဂါ တစ်ခုခုကြောင့် - ဆီးချို အပါအဝင် နာတာရှည် ကျန်းမာရေး အခြေအနေ တစ်ခုခုကို ခံစားနေရခြင်းကလည်း ဦးနှောက် ကျုံ့တာကို ဖြစ်စေနိုင်ပါတယ်။
အရက်သောက်တာ - အရက်သောက်တာကလည်း ဦးနှောက်ကို ထိခိုက်စေပြီး ဦးနှောက်ကျုံ့တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဦးနှောက်ကျုံ့မသွားစေဖို့
ဦးနှောက်မကျုံ့သွားစေဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာ အသုံးချဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ - တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုကို အနည်းဆုံး ၁၅ မိနစ်လောက် လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ဦးနှောက်ကျုံ့တာကိုလည်း ကာကွယ်ပေးနိုင်မှာပါ။
သွေးပေါင်ချိန် ထိန်းညှိပါ - ခဏခဏ သွေးတိုးတာကလည်း ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေသလို ဦးနှောက်ကျုံ့တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကို ပုံမှန်လေး ထိန်းညှိပေးဖို့ မမေ့ပါနဲ့။
ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ကျုံ့တာကို ဖြစ်နိုင်ခြေ များစေနိုင်တာကြောင့် ဦးနှောက် မကျုံ့ချင်ဘူးဆိုရင် ဆေးလိပ်ဖြတ်ပါ။
အရက်ဖြတ်ပါ - အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ဦးနှောက် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တာကြောင့် ဦးနှောက် မကျုံ့စေဖို့ အရက်မသောက်ဖို့ လိုပါမယ်။
အိပ်ရေးဝဝ အိပ်ပါ - အိပ်ရေးပျက်တာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ကျုံ့တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်လေး ကျန်းမာစေဖို့ဆိုရင် အိပ်ရေးဝဝအိပ်တာက နည်းလမ်းကောင်းပါ။
အာဟာရ ပြည့်ဝအောင် စားသုံးပါ - နေ့စဉ် စားသုံးမှုမှာ အရောင်အသွေး စုံစုံလင်လင်နဲ့ အသီးအရွက် အသားငါး မျှတအောင် စားသုံးပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ဦးနှောက်ကျုံ့တာကိုလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။
အခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး ဦးနှောက်ကျုံ့တာကို ကာကွယ်လိုက်ပါ။
မွန်မွန်